ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို
ထုတ်ပြပါမည်။
တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌
ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
`ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။
လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။
ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏ ။
ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်
ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။
ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏
ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ
ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည်
ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏
ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု
ဖြေလေသော် ထိုသို့ဖြစ်လျှင်
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။
ရှင်သာမဏေ ပြုပေးနိုင်၏
ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။
အထက်ပါ ပညတ်ချက်များကို ကြည့်လျှင်
အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော
ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည်
သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။
သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည်
အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။
ထို့ကြောင့် ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန်
ကောင်းမွန်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်
တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။
ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နု
နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း
မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု
အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏
ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏
အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)
ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။
ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို
ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။
ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ
မိခင်နို့ပင် မပြတတ်သေး။
ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။
ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။
ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။
အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)
www.sbaystudent.org
ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့
ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။
သက်သတ်လွတ်စားတာ ကုသိုလ် ရပါသလား ဟု
မေးလာခဲ့လျှင်ကား
သတ္တ၀ါတွေကို သနားဂရုဏာထားသောအားဖြင့်
သနားကြင်နာသောအားဖြင့် သက်သတ်လွတ်စားတာဆိုလျှင်
ကုသိုလ်ရပါသည်ဟု ဖြေရပါလိမ့်မည်။
ထိုစိတ်ထားမျိုးကို မွေးနိုင်လျှင်ကား
သူတော်ကောင်းတို့ ချီးကျူးထိုက်ပါသည်။
အမှန်ပင် လေးစားစရာလည်း ကောင်းပါသည်။
တချို့က ကျန်းမာရေးကြောင့် အသားကိုစာခြင်းမှ ရှောင်ကြဉ်ပြီး
သတ်သတ်လွတ်စားတာဟု အများအလည်၌ ဂုဏ်ယူဝင့်ကြွားပြီး
အများကိုပါ သက်သတ်လွတ်စားဖို့ တိုက်တွန်းမူ့များရှိနေခဲ့လျှင်ကား
ထိုထိုသို့သော စကားတို့၌ ထောက်ခံမပေးနိုင်ချေ။
တချို့က သက်သတ်လွတ်စားတယ်ဟုဆိုကြ၏
သို့သော်လည်း ဂျုံဖြင့် လုပ်ထားသော
အသားတု ဟုဆိုအပ်သော အရာတို့ကို
စားကြ၏။
ဘယ်လိုစိတ်မျိုးထားပြီး အသားတုကို စားကြသလဲဟူမူကား
လူတို့၏ စိတ်ကို မသိနိုင်သဖြင့် သေချာတပ်အပ်မပြောနိုင်ပါ။
ဂျုံဖြင့်လုပ်ထားသော အသားတု ကို စားနေသော်ငြား
ထို အသားတု အပေါ်၌ ကြက်သားအမှတ် အသားငါးအမှတ်ဖြင့်
စားနေလျှင်ကား
ထိုပုဂ္ဂိုလ်သည် သက်သတ်လွတ်ကို စားလေ့ရှိသူဟုကား မဆိုနိုင်အပ်ဘူးလို့
ထင်ပေ၏။
တချို့က ဆိုကြပြန်သေး၏
သတ်သူနှင့် စားသူ အပြစ်အတူတူဟု ပြောကြသူများလည်း
တွေ့ရတတ်ပါသည်။
ဤနေရာ၌ ပါဏာတိပါတကံ မြောက်သောတရားများကို ထုတ်ပြပါမည်။
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံးလ ပယောဂရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေခြင်း ဟူသော အင်္ဂါ (၅)ပါးနှင့် ပြည့်စုံလျှင်
ပါဏာတိပါတကံထိုက်၏။
သူတပါးအသက်ကို ကိုယ်တိုင်မသတ်သော်လည်း
၁။ သူတပါးကို ပြုလုပ်စေသောကံ၊
၂။ သူတပါးတို့ အလိုအလျောက်သတ်နေသည်ကို နှစ်သက်သောကံ၊
၃။ ပါဏာတိပါတနှင့် ပါတ်သက်ပြီး လောကီအကျိုးစီးပွားတို့ကို ချီးမွမ်းပြောဆိုသောကံ ဟူသော
ကံတို့တွင် တစ်ခုခုသော ဒုစရိုက်ကံကို ပြုလုပ်မိပါက
ပါဏာတိပါတကံ ထိုက်၏။
သတ်သူနှင့် စားသူ အပြစ်အတူတူပဲဟု
အယူအဆမျိုးရှိခဲ့မည်ဆိုလျှင် ထိုအယူအဆမျိုးကို
မယူမိစေရန် ဖြေရှင်းရအံ့
စားသုံးသူသည် ဈေးမှ သတ်ပြီးသား၊ သေပြီးသား၊ ပံ့သုကူအသားကို ၀ယ်ယူစားသုံးခြင်း
ဖြစ်ခြင်းကြောင့်
သတ်ရန် စေခိုင်းတိုက်တွန်းသူလဲ မဟုတ်၊
သတ်နေသည်ကို နှစ်သက်သဘောတူ ကျေနပ်အားရသူလည်းမဟုတ်၊
သတ်ရန်ချီးမွမ်းစကား ပြောကြားနေသူလည်းမဟုတ်ပေ။
ထို့ကြောင့် စားသူနှင့်သတ်သူ အပြစ်မတူပေ။
စားသုံးသူ၌ အပြစ်လုံးဝမရှိပေ။
သတ်သူနှင့် စားသူ အပြစ်အတူတူပဲဟု
အယူအဆမျိုးရှိခဲ့မည်ဆိုလျှင် ထိုအယူအဆမျိုးကို ယူထားသူသည်
နိဂဏ္ဍ(ဒိဌိ) တို့ အယူဝါဒသာလျှင် ဖြစ်သည်။
ရဟန်းတွေ သက်သတ်လွတ် စားဖို့ ဘုရားရှင်အား
ဒေ၀ဒတ်ကိုယ်တိုင် တိုက်တွန်းခဲ့ဘူး၏။
ဘုရားရှင်ကိုယ်တိုင် ထိုစကားကို လက်မခံခဲ့ပေ။
လှူတန်းတဲ့သူရှိရင် (အသားကြိးဆယ်မျိုးမှ လွဲလျှင် )စားနိုင်၏။
ဘုရာရှင် ခွင့်ပြုခဲ့ပေ၏။
ထို့ကြောင့် အသားငါးကို စားသုံးနေတာလဲ အကုသိုလ်မဖြစ်ပေ။
သက်သတ်လွတ်စားတာရော ကုသိုလ်ရလားလို့ မေးဖွယ်ရှိ၏
အပေါ်မှာ ဆိုခဲတဲ့အတိုင်း စိတ်ထားတတ်လျှင် ကုသိုလ်ရပေ၏။
အသားစားခြင်း၌ ရှောင်လိုက ရှောင်။
စားလိုက စားနိုင်၏။
ထိုအကြောင်းအရာတို့၏ အပေါ်၌ အကျယ်ချဲ့၍ ဆိုဖွယ်ရာမရှိပြီ။
မျက်ရည်မကျခင်သိစေချင် - မေတ္တာရှင် (ရွှေပြည်သာ)
ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဝေဖန်နည်း
အခါတစ်ပါး မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တော်မူစဉ် ကေသမုတ္တိနိဂုံးရှိ ကာလာမအနွယ် အမျိုးသားတို့ နေရာသို့ ရောက်ရှိခဲ့ ပါသည်။ ကာလာမ အမျိုးအနွယ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ၀မ်းမြောက်ဖွယ် စကားများကို ပြောဆိုပြီးနောက် ယခု ကဲ့သို့ လျှောက်ထားကြသည်။
" အရှင်ဂေါတမ ကျွန်တော်မျိုးတို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှ တို့သည် အချင်း ကာလာမ အနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံး ဖြစ်သည်ဟု ဟောပြောလေ့ ရှိကြပါသဖြင့် ကျွန်တော်မျိုးတို့မှာ မည်သည့် အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင် ဖြစ်နေကြပါသည် ဘုရား " ဟု လျှောက်ထားကြရာ ဘုရားရှင်က သူ၏ ၀ိဘဇ္ဇ ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသော ၀ါဒကို ယခုကဲ့သို့ ရဲရဲတောက် ဟောကြားတော်မူ ပါသည်။
ဗုဒ္ဓ၏ ၀ိဘဇ္ဇတရားတော်
- အို . . အချင်း ကာလာမအနွယ်တို့၊ သင်တို့သည် အယူဝါဒ တစ်ခုကို တဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့ မယူကြနဲ့၊
- ဤသို့ ဖြစ်ဖူးသတဲ့ ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- ကျန်းဂန်နှင့် ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- မိမိတို့ ကြံစည် နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့ မယူကြနဲ့၊
- လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကား ဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊
- မိမိတို့ လေးစားအပ်သော ဆရာ၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊
သင်တို့သည် မိမိကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့၊
ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ၊ ချမ်းသာခြင်းငှာ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
ဝါဒလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ကြသူများ
ဖော်ပြပါ မြတ်ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဖေ၀န်နည်းကို မသိခဲ့ကြသောကြောင့် ကမ္ဘာနှင့်အ၀န်း အစုလိုက် အပြုံလိုက် ဘာသာရေးဗန်းပြ သက်သေမှုများ မကြခဏ ဖြစ်ခဲ့ရပါသည်။
၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည် စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။
၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊ ၀ုမီတန်ကျေးရွာတွင် လူမျိုးစု အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ အားလုံး သေကြရကြောင်း ဖော်ပြထားသည်။
၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှ် သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး တစ်ခုကဲ့သို့ လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊ ယောက်ျား အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော အမျိုးသမီးမှန်သမျှ သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။
နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန် လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊ ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။
၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့် အစုလိုက် အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။ သေဆုံးသူများမှာ ခရော့အင်ရိုစ် ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို တွေ့ရှိရပြီး မြေအောက် ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း အလောင်းများကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့် ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။
ဤကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံရခြင်း၏ အဓိက အကြောင်းဇာစ်မြစ်ကား ယုံကြည်၊ ကြည်ညိုမှု သဒ္ဓါများ၍ ခွဲခြားဝေဖန်ပိုင်းခြားမှု ပညာ နည်းသောကြောင့်ပါတည်း။
မျက်ရည်မကျခင် သိစေချင် စာအုပ်မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
0 comments:
Post a Comment