Thursday, July 12, 2012

ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်မှုရှင်းတမ်း

ဒေါက်တာအရှင်ဓမ္မံပီယ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ရန်ကုန်။

ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်မှုရှင်းတမ်း
(ဘာသာရေးဆိုင်ရာ သုတေသနစာတမ်းမှ ကောက်နုတ်ချက်)

၁။ ကြောက်၍ ကိုးကွယ်ခြင်း
ကမ္ဘာဦးကာလမှစ၍ ယနေ့ထက်တိုင်အောင် လူသားများသည် ကိုးကွယ်ရာတစ်ခုခုကို ရှာကြံပြီး ကိုးကွယ်နေကြခြင်းသည် အစဉ်အလာကြီးတစ်ခုဟု ဆိုနိုင်ပါသည်။ဥပမာ- ပေါက်ကွဲတတ်သော မီးတောင်ကြီးနားမှာ နေကြသောလူတို့သည် သဘာဝအလျောက် မီးတောင်ကြီးပေါက်ကွဲပြီး လူတွေ၊ တိရစ္ဆာန်တွေ ဒဏ်ရာတွေ ရကြ၊သေကြေပျက်စီးကြရတာမျိုးတေါကို တွေ့မြင်ကြရသောအခါ ]]မီးတောင်စောင့် နတ်မင်းကြီးသည် ငါတို့ကို စိတ်ဆိုးလေပြီဟု အထင်ရောက်ကာ မီးနတ်ကြီးကို စတင်၍ ကိုးကွယ်ပူဇော်ပသခဲ့ကြသည်။ ထိုနည်းတူစွာပင် မိုးနတ်၊လေနတ်၊တောစောင့်နတ်၊တောင်စောင့်နတ်၊သစ်ပင်စောင့်နတ်တွေကိုလည်း အကြောက်တရားကို အခြေခံပြီးကိုးကွယ် ပူဇော်ပသခဲ့ကြသည်။

အသိဥာဏ်နည်းပါးပြီး အကြောက်တရား ကြီးသူတို့သည် ဘယ်အရာမျိုးကိုမဆို လွယ်လွယ်နှင့် ကိုးကွယ်တတ်ကြခြင်းသည် လူသားများ၏ ဓမ္မတာဟု ဆိုရပေမည်။ ကမ္ဘာဦးကာလမှစ၍ ယနေ့ ထက်တိုင်အောင် လူသားတွေ ဤကဲ့သို့သော ဓမ္မတာသဘောတရားတွေကို မလွန်ဆန်နိုင်ကြခြင်းသည် အသိဥာဏ်နည်းပါးခြင်း၊ ဆင်ခြင်တုံ မြော်မြင်တုံတရားများ နည်းပါးခြင်း စသော အကြောင်းများကြောင့် ဖြစ်နိုင်သည်။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် အနေနှင့် ဖြစ်သင့်သည်မှာ တစ်စုံတစ်ခုကို ကိုးကွယ်မှုပြုတော့မည်ဆိုလျှင် ထိုအမှုကို မပြုမီ ထိုအရာသည် စစ်မှန်စွာ ကိုးကွယ်ထိုက်သောအရာဖြစ်မဖြစ် သတိတရားဖြင့် စဉ်းစားဆင်ခြင်ပြီးမှ ကိုးကွယ်သင့်ပါသည်။ အကြောက်တရားဖြင့် ကိုးကွယ်နေခြင်းမျိုးသည် ပညာအားနည်းသူတို့၏ ဓလေ့ ဓမ္မတာတစ်ခုသာဖြစ်ကြောင်း သိနိုင်သည်။ ထိုကြောင့် အရာရာကို ဥာဏ်သတိနှင့်ယှဉ်လျှက် စဉ်းစားနိုင်ကြခြင်းသည် ပညာရှိလက္ခဏာဟု ဆိုနိုင်သည်။

၂။ လာဘ်ကို ငဲ့၍ ကိုးကွယ်ခြင်း
လောကီဘုံ၌ ပျော်နေကြသော လူသားတို့သည် ကိုယ်ကျိုး၊ ကိုယ့်စီးပွါးကိုသာ အလေးထားပြီး ကြည့်တတ်ကြသော အတ္တသမားတွေသာ များပါသည်။ကိုယ်ကျိုး၊ ကိုယ်စီးပွါးသာ ဖြစ်ခဲ့မယ်ဆိုလျှင် ဘာမဆို လုပ်ရဲခြင်း၊ လုပ်နိုင်ခြင်းတို့သည် အတ္တရဲ့အစွန်းထွက်နေမှုကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်သည်။ ကိုယ်ဘက်ကသာ အမြတ်အစွန်း ရမည်ဆိုလျှင် စီးပွါးရှိ ရှိသလို၊ ပညာရှိ ရှိသလို၊ အာဏာရှိ ရှိသလို၊ ကိုယ်ပါဝါ၊ကိုယ့်အာဏာတို့ကို အသုံးပြုလျှက် မလုပ်သင့်သည်များကိုလည်း လုပ်မိတတ်ကြသည်။ ဥပမာ- ပုဏ္ဏားတို့၏ ယတြာ၊ဗေဒင် နည်းအရ ဟောကြား၊ပြောကြားသည့်အတိုင်း ရှင်ဘုရင်ဆိုသူတို့သည် သူတို့အသက်၊အိုးအိမ်၊ စည်းစိမ်တွေအတွက် လူတွေ၊ကျွဲတွေ၊နွားတွေ၊ဆင်တွေ၊မြင်းတွေကိုသတ်ပြီး ယဇ်နတ်တွေကို ပူဇော် ပသခဲ့ကြသည်။ ရှေးခေတ်၊ရှေးအခါက ရှင်ဘုရင်ဆိုသူတွေ၏ အပြုအမူများကို ပြန်လည် သုံးသပ်ကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။

သံသရာဆိုသည့် ၀ဲဂယက်ဲထဲမှ မလွတ်နိုင်အောင် ရှိနေကြသေးသော ပုထုဇဉ်တို့၏ မိုက်ရဲသော သတ္တိသည် အရိယာတို့၏ အမြင်နှင့်ကြည့်လျှင် အံ့သြစရာ ဖြစ်နေသည်။အတ္တနှင့် ပြုခဲ့သော အမှားတွေအတွက် ပေးဆပ်ရသော ဘ၀တွေကလည်း ကမ္ဘာပေါင်း အသင်္ချေ၊ အတ္တသံသရာကြီးထဲမှာ အမှန်တရားတွေကို မမြင်နိုင်ကြ၍ ရှေးကလူတွေလည်း အမှားပေါင်းများစွာကို ပြုခဲ့ကြပြီ။ ယခုခေတ်လူတွေလည်း အတ္တဖြင့် ဘောင်ခတ်ထားသော ဒီအမှားတွေကို မကျော်လွန်နိုင်အောင်ဘဲ ရှိနေခဲ့ကြပြန်သည်။ ဥပမာ- ထမင်းကိုပင် နပ်မှန်အောင် မစားရရှာသော မိသားစုဘ၀လေးကို ကရုဏာနှလုံးသားဖြင့် ငဲ့ကွက်မှု မပြုနိုင်ကြ၍ အတ္တကြီးသော အရက်သမားသည် ကိုကြီးကျော်ဟု ခေါ်နေကြသည့် လေထဲက နတ်မင်းကြီးကို ကြက်ကြော်တွေ၊ဘဲကင်တွေ၊ထန်းရေ၊အရက်တို့နှင့် ပူဇော် ပသပြီး ထိုအရက်သေစာတိုဖြင့် သောက်စား၊မူးယစ် ပျော်နိုင်ကြသေးသည့် အဖြစ်မျိုးတွေသည် အမူးသမားများ၏ အတ္တမျိုးပင် ဖြစ်သည်။ တရားသဘောနှင့် ယှဉ်တွေးကြည့်လျှင်တော့ ကြောက်စရာကြီးပင်။

မလုပ်သင့်မလုပ်ထိုက်သော အမှုမျိုးတွေကို ကိုယ့်အကျိုး၊ ကိုယ့်အတ္တအတွက် ပြုရဲကြသည့် သမိုင်းထဲက ရှင်ဘုရင်တွေ၊ပြည်သူပြည်သားတွေ၏ လွဲမှားသော ကိုးကွယ်မှုတွေသည်လည်း ဥာဏ်နှင့်ယှဉ်ပြီး သုံးသပ်ဆင်ခြင်ကြည့်မယ်ဆိုလျှင် ပစ္စုပ္ပုန် သံသရာအတွက် ကြောက်စရာကြီးပင် ဖြစ်သည်။ ဥာဏ်နှင့်ယှဉ်ပြီး စဉ်းစားသင့်သည်မှာ တစ်ဘ၀စာ ချမ်းသာမှုမျိုးထက် တစ်သံသရာစာ ချမ်းသာမှုမျိုးကို ရစေနိုင်သော အပြုအမူမျိုးတွေကို စဉ်းစားသင့်ကြပါသည်။ ဤကဲ့သို့သော ဥာဏ်နှင့်ယှဉ်၍ စဉ်းစားခြင်းမျိုးသည် သူတော်ကောင်းဓါတ်ခံရှိသူတို့၏ အမူအကျင့်ပင် ဖြစ်သည်။

၃။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း
လူသားများ စိတ်နေ၊စိတ်ထားသည် ကိုယ်မစွမ်းလျှင် စွမ်းနိုင်သော သူရဲကောင်းကို အားကိုးချင်ကြသည်။ ဤစိတ်မျိုးတွေသည် မြန်မာပြည်သူတို့မှာ အလေ့အကျင့်ကြီးတစ်ခုလို ဖြစ်နေသည်။ ကိုယ့်အစွမ်းကို ကိုယ်အားမကိုးလိုခြင်း သို့ အားမကိုးတတ်ခြင်းသည် လူသားတစ်ယောက်၏ ဘ၀တိုးတက်ရေးအခွင့်အလမ်းကို ကိုယ်တိုင်ပင် ဖျက်ဆီးသည်နှင့် တူနေသည်။ ဤကဲ့သို့ စိတ်ဓါတ်မျိုးရှိသူများသည် ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးကိုသာ အားကိုးလိုသော စိတ်တွေ များနေတတ်ကြသည်။ လူထဲကစွမ်းလျှင် စွမ်း၊ လူထဲကမစွမ်းလျှင် စွမ်းနိုင်မည်ထင်သည့် နတ်ဒေ၀ါများကို အားကိုးတကြီးနှင့် ကိုးကွယ် ပူဇော်ပသမှုမျိုး ဖြစ်သည်။ မောင်တင့်တယ်ကို ခွန်အားဗလကြီးမားသော အားကိုး အားထားပြုလောက်သော သူရဲကောင်းကြီး တစ်ယောက်ရယ်လို့ ထိုခေတ်ထိုအခါက မြန်မာတို့ ယူဆထားခဲ့ကြသည်။

ဤကဲ့သို့သော အခြေအနေများကြောင့် တကောင်းဘုရင်သည် မောင်တင့်တယ်ကို စိုးရိမ်စိတ်နှင့် မတရားသတ်ဖြတ်ခဲ့သည်။ ဤမတရားလုပ်ရပ်အတွက် မောင်တင့်တယ်အပေါ်မှာ မေတ္တာစိတ်တွေ၊ သနားကြင်နာစိတ်တွေ သက်ဝင်နေကြသော ပြည်သူများသည် မောင်တင့်တယ်ကို အားကိုး အားထား ပြုလိုကြသောကြောင့် အစိမ်းသေ သေသွားသော မောင်တင့်တယ်ကို နတ်ဖြစ်သွားသည်ဟု ယူဆလိုက်ကြသည်။ နတ်ဘ၀မှာလည်း အစွမ်းသတ္တိတွေ၊ တန်ခိုးအာနုဘော်တွေနှင့် ပြည့်စုံသော နတ်မင်းကြီးတစ်ပါး ဖြစ်မှာပဲဟု ယူဆလိုက်ကြပြီး မောင်တင့်တယ်ကို အားကိုး အားထားရာအနေနှင့် ကိုးကွယ်ပူဇော်ပသခဲ့ကြသည်။ နောက်ပိုင်းတွင် မောင်တင့်တယ်တို့ နတ်မောင်နှမသည် ပုဂံကို ရောက်လာပြီး ရှင်ဘုရင်နှင့် ပြည်သူများကပါ ကိုးကွယ်ပူဇော်ပသခဲ့ကြ၍ တစ်နိုင်ငံလုံး၏ အားကိုးအားထားပြုရာ ..မင်းမဟာဂီရိ…ဘွဲ့ခံ အိမ်တွင်းနတ်ကြီး ဖြစ်လာခဲ့သည်။

ဤနေရာ၌ ဥာဏ် သတိယှဉ်ပြီး စဉ်းစားသင့်သောအချက်မှာ မောင်တင့်တယ်တို့ မောင်နှမနှစ်ယောက်စလုံး သေဆုံးစဉ်အခါက တကယ်ပဲ နတ်ဖြစ်သွားတယ်၊ မဖြစ်သွားဘူး ဆိုသည်ကို မည်သူမျှ တိတိကျကျ မသိရခြင်းပင် ဖြစ်သည်။ တကယ်ပင် နတ်စိမ်းများ ဖြစ်သည်ထားဦး၊ သင်္ခါရနယ်ပယ်အတွင်းမှာ ရှိကြသည့် သတ္တ၀ါတိုင်းသည် တန်ခိုးရှင်ကြီးပဲ ဖြစ်ဖြစ်၊ နတ်စိမ်းကြီးပဲ ဖြစ်ဖြစ်၊သေတတ်သည့် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်ခြင်း ကိစ္စပင် ဖြစ်သည်။ဖြစ်နိုင်ခြေရှိသည်မှာ နတ်သက်ကြွေ၍ သို့မဟုတ် တစ္ဆေသက်ကြွေ၍ ဘ၀သစ် တစ်ခုခုဆီသို့ ရောက်ကောင်းရောက်နေနိုင်သည်။ သို့သော် ဥာဏ် သတိ မယှဉ်နိုင်ကြသေးသော သူတွေအတွက်တော့ ယုံကြည်မှားတစ်ခုကို စွန်လွတ်နိုင်မည် မဟုတ်ပါ။ သို့ရာတွင် တစ်စုံတစ်ခုကို အားကိုးအားထား မပြုခင်မှာ ဥာဏ်နှင့် ချင့်ချိန်ကြည့်သင့်ပါသည်။ စဉ်းစားဆင်ခြင်သင့်ပါသည်။ စဉ်စားဆင်ခြင်ခြင်းသည် အသိဥာဏ်ရှိသူတို့၏ ဓမ္မတာသဘောတစ်ခုပင် ဖြစ်သည်။

၎။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း။
မြန်မာစကားပုံမှာ ရှေးထုံးကိုလည်း မပယ်နှင့်၊ဈေးသုံးကိုလည်း မလွယ်နှင့် ဆိုသည့်ဆိုရိုးစကားသည် အချို့နေရာများ၌ အကြောင်း၊အကျိုး မဆီလျော်တော့သော ရှေးထုံးစကားများသာ ဖြစ်သည်။ ထိုရှေးထုံးစကားများကြောင့် ခေတ်အခါအားလျှော်စွာ ပြုပြင်ပြောင်းလွဲဖို့အတွက် ပြုပြင်ပြောင်းလွဲလိုသူများ၏ စိတ်ဓါတ်ကို အားအင်ချည့်နဲ့စေသည်။ ကိုးကွယ်မှုဆိုင်ရာနှင့် ပက်သက်လာလျှင် လူအများသည် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်နေတတ်ကြပါသည်။ ဥပမာ-နတ်ကို ကိုးကွယ်ပူဇော်ပသနေသူတစ်ယောက်သည် အကြောင်းတစ်ခုခုကြောင့် ပြုနေကြဖြစ်သော ပူဇော်ပသမှုများကို တစ်ခါတလေများ ပျက်ကွက်သွားခဲ့ရသည်ဆိုလျှင် ငါ့ကို နတ်တွေ စိတ်ဆိုးတော့မှာပဲ၊ ငါ့ကို နတ်တွေ အမျက်ထွက်တော့မှာပဲ၊ ငါ့ကို နတ်တွေ ဖမ်းစားတော့မှာပဲလို့ ထိုသူမှာ စိတ်တထင့်ထင့် ဖြစ်နေတတ်သည်။ ၄င်းဥပါဒါန်အစွဲများ ရှိနေသောကြောင့် မမျှော်လင့်ဘဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင်လည်း ဥပမာ-ဖျားနာရောဂါမျိုးတို့၊မတော်တဆ ထိခိုက်ဒဏ်ရာရတာမျိုးတို့ ဖြစ်လာခဲ့ပြီဆိုလျှင် ဖြစ်ချိန်တန်လို့ ဖြစ်ရတာပဲလို့ မယူဆနိုင်ကြတော့ဘဲ ငါကိုတော့ နတ်ကိုင်ပြီလို့ ယူဆသွားတတ်ကြပါသည်။ ဤနေရာတွင် နတ်တွေကို မယုံကြည်၊မကိုးကွယ်သည့် ပုဂ္ဂိုလ်မျိုးဖြစ်နေခဲ့မည်ဆိုလျှင် နတ်တွေကို ယုံကြည်ကိုးကွယ်နေသော ပုဂ္ဂိုလ်တွေက ၀ိုင်းပြီး (အခမဲ့) စောင့်ကြည့်နေတတ်ကြပြန်သည်။ အသွေးနှင့် အသားနှင့် တည်ဆောက်ထားသော လူသားများပေမို့ အခြားအကြောင်းများကြောင့် (မိုးမိခြင်း၊အအေးမိခြင်း၊စသည့် အကြောင်းများကြောင့်) ဖျားနာခြင်း၊နှာစေးခြင်း၊ထိခိုက်ဒါဏ်ရာရခြင်း စသော မနှစ်မြို့ဖွယ်ရာ အာရုံမျိုးတစ်ခုခု ဖြစ်လာခဲ့ပြီဆိုလျှင် ခုနက စောင့်ကြည့်နေသော သူများသည် ဒါနတ်ဖမ်းစားလို့ ဖြစ်ရတာပဲဟု ယူဆလိုက်ကြတော့သည်။ အသိဥာဏ်နည်းရှာကြသော လူတွေသည် တကယ်ပင် နတ်တွေနှင့် အလုပ်တွေ ရှုပ်နေကြသည်။ ဤဥပါဒါန်အစွဲတွေကြောင့် မမှားသင့်သော အမှားမျိုးတွေကို ပြုလုပ်နေတတ်ကြပြီး အမှားသံသရာတွေ လည်နေရှာကြသည်။ လူတွေကို တရားနှင့်လျော်ညီစွာ စောင့်ရှောက်ပေးနေကြသော အထပ်နတ်ဘုံများမှ နတ်ကောင်း နတ်မြတ်တို့သည်ပင် လူတွေ၏ လွဲမှားသော အယူအဆတွေကြောင့် နေရင်းထိုင်ရင်း ကိုက်စားတတ်၊ ဖမ်းစားတတ်၊ ပြုစားတတ်တဲ့ နတ်ဆိုး၊နတ်ကြမ်း၊နတ်သရမ်းကားကြီးတွေ စာရင်းထဲသို့ ထည့်သွင်းထားခံရတော့မည့် အဖြစ်မျိုးသို့ ကိန်းဆိုက်နေတော့သည်။

ဤဥပါဒါန် အစွဲတွေကို ဖယ်ရှားနိုင်ဖို့ဆိုတာ ကိုယ်တိုင်သတိပဌာန်တရားတွေကို မကျင့်ကြံ၊မပွါးများ၊ အားမထုတ်သရွှေ့ ကာလပတ်လုံး လွယ်ကူလှမည် မဟုတ်ပေ၊ သတိမရှိ၊ဥာဏ်မရှိသော ဤလူတွေအတွက် ယုံကြည်မှုဆိုင်ရာ မျှော်လင့်ချက်နှင့်ပက်သက်ပြီး ပြောရမည်ဆိုလျှင်တော့ ဆယ်မိုး၊ဆယ်နွေ၊ မျှော်လေလေ ဝေးရတော့မည့်အဖြစ်မျိုးပင် ဖြစ်ပါတော့သည်။

၅။ မသိနားမလည်ခြင်း၊အယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်း။
ဘာသာရေး ဗဟုသုတ နည်းပါးရှာကြသူတွေ၊ ကံ- ကံရဲ့အကျိုးတရားများကို ဥာဏ်ဖြင့် ကောင်းစွာမသက်ဝင်နိုင်ကြတဲ့သူတွေ မိစ္ဆာအယူသို့ ငဲ့စောင်းနေသူများသည် နတ်ယုံကြည်မှု၊ နတ်ကိုးကွယ်မှုကို လွယ်လွယ်ကူကူ လက်ခံတတ်ကြသည်။ မစဉ်းစား၊မဆင်ခြင်ဘဲ ယုံကြည်တတ်ခြင်း သို့မဟုတ် စဉ်းစားခြင်းမပြုတော့ဘဲ ယုံကြည်လွယ်လွန်းခြင်းသည် အယူတိမ်းစောင်းခြင်း၏ အခြေခံအကြောင်းတစ်ရပ်ပင် ဖြစ်သည်။ လွဲမှားသော အယူဝါဒတစ်ခုကို စွဲစွဲမြဲမြဲ လက်ခံယုံကြည်ထားပြီဆိုလျှင် မှားယွင်းသော အကြံအစည်တွေ၊ မှားယွင်းသော အပြောအဆိုတွေ၊ မှားယွင်းသော အပြုအမူတွေကို ပြုမှားမိတတ်ကြ၍ ပညာရှိသူတော်ကောင်းများသည် ကိုကွယ်ရာမှန်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ဖို့ သတိပေးစကားတွေ၊ သတိပေးစာတွေ ပြောခဲ့ကြ၊ရေးခဲ့ကြရသည်။ အယူမှား၊အတွေးအခေါ်မှားတစ်ခုကြောင့် ဗုဒ္ဓဘာသာသမိုင်းတွင် ၀မ်းနည်းလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ရသော အဇာတသတ်မင်းသား၏ ဖြစ်ရပ်သည် နှောင်းခေတ်လူတို့အတွက် သင်ခန်းစာ ယူစရာပင်။ ဆရာဒေ၀ဒတ်အပေါ် တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ရယ်လို့ အထင်ရောက်ခဲ့သော အဇာတသတ်မင်းသားသည် ဆရာဒေ၀ဒတ်ကို ဘုရားတစ်ဆူပမာ အထင်မှားပြီး ကိုးကွယ်မှားခဲ့မိလို့ ပစ္စုပ္ပန်၊သံသရာ အကျိုးစီးပွါးတွေ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မဂ်ဖိုလ်တရားထူးတွေမှ လွဲချော်ခဲ့ရသည်။
အယူလွဲမှားမှုတွေကြောင့် အကျိုးမဲ့တွေကို ဖြစ်စေခဲ့သော သာဓကတွေသည် များလွန်းလှသည်။ ဤနေရာ၌ အထူးပြောလိုသည်မှာ နတ်တွေ၊ဗြဟ္မာတွေကို ကိုးကွယ်ပူဇော်ပသနေမှုသည် တရားနှင့်မလျှော်ညီသော လွဲမှားသောအယူဝါဒဟု ဗုဒ္ဓစသော အရိယာသူတော်စင်တို့ အတည်ပြုပြောဆိုခဲ့ကြပါသည်။ ထိုကဲ့သို့သော လွဲမှားသော အယူဝါဒကြောင့် ကိုယ့်အစွမ်းကိုပင် ကိုယ်မယုံကြည်နိုင်ကြတော့ဘဲ ကိုယ့်လုံ့လ၊ကိုယ့်ဝီိရိယအစွမ်းကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတွေကိုပင် နတ်တို့ကပေး၍ ရခဲ့လေသယောင်ယောင် ထင်ယောင်ထင်မှားဖြစ်နေကြသော လူတွေက များလွန်းလှလေသည်။ ]]လူမစွမ်း နတ်မ}} ဆိုသော စကားပုံသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းသော ပုဂ္ဂိုလ်များက ရေးသားထားခဲ့လေသလားလို့ပင် သံသယစိတ်တွေ ဖြစ်နေမိသည်။
]]လူမစွမ်း၊နတ်မ}} ဆိုသော စကားပုံနှင့်ပက်သက်ပြီး စာရေးသူ၏အမြင်ကို ရေးသားတင်ပြလိုပါသည်။ ဘ၀ပေးကုသိုလ်ကံ အကျိုးပေးနည်းမှုကြောင့် မသန်မစွမ်း(မျက်မမြင်၊ နားမကြား၊ လက်-ခြေ အင်္ဂါဆွံ့ခြင်း၊ ချို့ယွင်းခြင်း၊ စသော) ဒုက္ခိတလေးများ၏ ဘ၀ကို နားလည်ပေးကြည့်စေချင်ပါသည်။ သူတို့သည် အများနည်းတူ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူ့ဘ၀မှာ ကွက်လပ်လေးတစ်ခုတစ်ဖွယ် ဖြစ်နေသော အားနည်းချက်တစ်ခုကို သူကိုယ်တိုင်ပဲ ဖြည့်ဆည်းပေးရပေလိမ့်မည်။ သူ့အတွက် သူရဲကောင်းလုပ်ပေးမည့် ပုဂ္ဂိုလ်မှာ လောကတွင် ရှိကောင်းမှ ရှိမည်။ ဤကဲ့သို့သော အခြေအနေ မျိုးတွင် သူ့အတွက် ရွေးစရာဆို၍ တစ်လမ်းပဲ ရှိတော့သည်။ အဲ့ဒီလမ်းကတော့ သူများထက် သာလွန်သော ထူးချွန်မှုတစ်ခုခု သို့မဟုတ် ထူးခြားချက်တစ်မျိုးမျိုးတော့ ရှိရပေတော့မည်။ ဖြစ်နိုင်ခြေ ရှိနေတာကတော့ အမြင်သန်ချင်သန်၊အကြားသန်ချင်သန် စသည်ဖြင့် ထူးခြားမှု တစ်ခုခုတော့ ရှိနေရတော့မည်။ နောက်ဆုံးကုန်ကုန်ပြောရလျှင် အတတ်ပညာ သို့ အတန်းပညာ သင်ယူရာ၌လည်း အများထက်သာလွန်အောင် စူးစူးစိုက်စိုက်၊ လိုလိုချင်ချင်ဖြင့် သင်ယူရပေတော့မည်။ စူးစူးစိုက်စိုက် လိုလိုချင်ချင် သင်ယူခြင်းသည် ပါရဂူမြောက် တတ်မြောက်နိုင်ခြင်း၏ အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုသို့ ဖြစ်မှသာလျှင် သူတို့၏ဘ၀လေးသည် တူတူတန်တန် အများနည်းတူ ရှင်သန်ရပ်တည်နိုင်မည်ဆိုသည့် အဖြေကတော့ ရှင်းနေသည်။ ထိုကြောင့် ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အတတ်ပညာတစ်ခုခု ထူးထူးချွန်ချွန် တတ်မြောက်လာခြင်းသည် လူမစွမ်းသောကြောင့် လူစွမ်းပို၍ ထုတ်ပြလိုက်ခြင်းသာ ဖြစ်ကြောင်းသိနိုင်ပါသည်။ ကိုယ့်ကိုကိုယ်အားကိုးခြင်းသည် သူတစ်ပါးကို အားကိုခြင်းထက်( သို့ )တန်ခိုးရှင်တို့ကို အားကိုခြင်းထက် တစ်စုံတစ်ရာကို ရယူနိုင်ရေး၌ အဆရာထောင်ပို၍ သေချာကြောင်း ကိုယ့်အစွမ်းကို ကိုယ်တိုင်အားမကိုးချင်သူများအတွက် ဒုက္ဒိတလေးများမှ သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။
သတိမဲ့၍ အသိဥာဏ်အားနည်းသူတို့သည် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို သက်ဝင် ယုံကြည်မှုမျိုးထက် နတ်များ၏ ဂုဏ်ကျေးဇူးကို သက်ဝင်ယုံကြည် နေမှုများက ပိုအားကောင်းနေတတ်ကြသည်။ နတ်များကို ပူဇော်ပသလိုမှု ပိုမိုစိတ်အားထက်သန် ကြသည်။နတ်ကိုးကွယ်မှု၌ ဥာဏ်မယှဉ်နိုင်ပါက အပြစ်များစွာ ဖြစ်နိုင်သောကြောင့် မိရိုးဖလာအနေဖြင့် မစွန့်နိုင်၊မပယ်နိုင်၍ ကိုးကွယ်နေရသော်လည်း သတိကြီးစွာထား၍ လောက၊သံသရာ အပြစ်ကင်းအောင် နေတတ်ဖို့ လိုပါသည်။ ဒီလိုနေတတ်ဖို့ဆိုတာကလည်း သတိရှိမှ၊ အသိဥာဏ်ရှိမှ ဖြစ်နိုင်ကြောင်းကို စိန္တကျော်သူဘွဲ့ခံ ဦးသြက ကောင်းကောင်းကြီး သိထားပြီးဖြစ်သည်။ သို့ရာတွင် အသိဥာဏ်နည်းပါးသူ၊ တရားဗဟုသုတ မရှိသူတို့ကို လေးနက် သိမ်မွေ့သော စကားအသုံးအနှုန်းတွေနှင့် ပြောဆို၊ရေးသား၊ဆုံးမနေလျှင် အချိန်တွေမကြာသင့်ဘဲ ကြာရှည်နေမည် ဖြစ်သဖြင့် နတ်ကိုးကွယ်မှုနှင့် ပတ်သက်ပြီး ရှည်ရှည်လျားလျား ပြောမနေတော့ဘဲ သူ၏ က၀ိလက္ခဏသတ်ပုံကျမ်း၌ ပြတ်ပြတ်သားသား တိုတိုရှင်းရှင်းပဲ ရေးဖွဲ့ခဲ့သည်။
]]မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံး၊ညီနောင်နန်း}}။
နတ်တွေအကြောင်းကို စေတနာအမှန်နှင့် ပွင့်ပွင့်လင်းလင်း ရေးရဲသော သတ္တိ ကိုလည်းကောင်း၊ မိစ္ဆာဒိဌိ အယူမှားဘက်သို့ သက်ရောက်နေသော နတ်ကိုးကွယ်မှုများကို တော်လှန်ရဲသော စာဆိုရှင်၏ သတ္တိကိုလည်းကောင်း ချီးကျူးဂုဏ်ပြုလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုသင့်သည်မှာ အမှားတစ်ခုကို ကျူးလွန်မိပြီဆိုလျှင် ထိုအမှားအတွက် ဖာရ၊ထေးရ၊ဆေးရ၊ကြောရ နှင့် အမှားသံသရာတွေ လည်နေတတ်သည်။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လိုသူတို့အတွက် အမှားသံသရာတွေ မလည်ရလေအောင် သတိတရား လက်ကိုင်ထားပြီး ဗုဒ္ဓဓမ္မနှင့်လျော်ညီသော အကျင့်တရားတို့ဖြင့် လမ်းမှန်၊လမ်းမှားတို့ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ခွဲခြားသိလျှက် ကိုယ့်ကိုကိုယ် အယူမှားတွင်းသို့ မကျရောက်ကြရလေအောင် ထိန်းသိန်းကာကွယ်ရှောက်နိုင်ကြပါစေ။

( ကိုမောင်စိုင်း ပြန်ရေးပေးတာ…ကျေးဇူးတင်ပါတယ်။အားလုံးအတွက် အကျိုးရှိပါတယ် )

တရားစစ် ၊ တရားမှန် နဲ့ ချမ်းသာကြပါစေ
နေလင်း

0 comments:

Post a Comment